Wednesday, October 20, 2010

Monday, May 10, 2010

နေ့သစ်

'နေ့သစ်'

ချည်စဆွဲငင်။ ပင်လယ်ပြင်၌
လက်ပစ်ခတ်ကူး ။ အတတ်ရူးနှင့်
သဲမှုန်မြူမွ ။ ကောက်ယူပြသော်
ဆန္ဒခေါင်ခိုက် ။ သေရွာတိုက်လည်း
ရမ္မက်တဏှာ ။ ရှိနေပါ၍
လူသားငမိုက် ။ တောက်လျှောက်လိုက်ဆဲ
သူသာအိပ်လည်း ။ စိတ်လေဆဲမို့
နောက်နေ့အတွက် ။ တဏှာဆက်၏.....

နွယ်သဇင် (နတ်တပ်)

Thursday, February 25, 2010

ဆောင်ရန် နှင့် ရှောင်ရန်

မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်းဟု မိန်းမယူလျှင် မည်သို့
သော မိန်းမမျိုးကို ယူသင့်သနည်းဟု ယူသင့်တဲ့မိန်းမတော့ ဘယ်လို ဆိုတာမသိဘူး။
ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။
ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူပါလေ
ထို စဉ်းစား သင့်သော မိန်းမများမှာ
၁) ဆရာဝန်မ
၂) ကျောင်းဆရာမ
၃) စာရင်းကိုင်
တို့ဖြစ်ပေသည်။

အကြောင်းမှာ
အမှတ်စဉ် ၁
ဆရာဝန်မကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။
ဝါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး
မရိုးရအောင် အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ်
မျက်နှာကဲ ကြည့်နေရချေမည်။
သူမ၏ အပြုစုကို ခံချင်လွန်းလှ၍ မူလကျီ သွန်ကျီ လုပ်ကာ ခေါင်းကိုက်သည်ဟုလည်း
မူယာမာယာများ၍ မဖြစ်ပေ။ ခေါင်းကိုက်နေတယ်ကွာ ဇက် ကြောလေး ဆွဲပေးစမ်းပါဟု
သင်ဆိုလျှင် သူမက ခေါင်းကိုက်နေလား..ရော့ ဒီမှာ ပါရာစီတမောလ် သောက် ဟုဆိုကာ
ဆေးကဒ်ကိုသာ ပေးချေ လိမ့် မည်။
သင်တကယ် နေကောင်း၊ မကောင်းကိုလည်း သူမ သိချေမည်။ သင်မာယာများ၍ မရကုန်။ဒီနေ့
လူနာတွေ ပုံနေတာပဲကွာ။ မောလိုက်တာ လွန်ပါ ရော ဟု အစချီကာ အိမ်ပြန်ရောက်လာသော
သူမအား သင်ကပင် ဆီးကြို ဇက်ကြောဆွဲ ပြုစုရချေမည်။

အမှတ်စဉ် ၂ ဖြစ်သော
ကျောင်းဆရာမကို ယူလျှင် ကျောင်းဆရာမတို့မည်သည် အကင်းပါး၏။ အင်မတန် ဆရာလုပ်တတ်၏။
သူမအား သင် ဆရာလုပ် ရန် စိတ်မကူးချေနှင့်။ သူမက သင့်ထက် ပိုသိနေပေမည်။
အရေးကြီးဆုံးမှာကား သင်သည် သူမအား လိမ်ညာ၍ မရခြင်းပင်။
သင်သည် အပေါင်းအသင်းများနှင့် ကာတီဗွီ၊ ကာရာအိုကေများသွားကာ
ညဉ့်နက်အိမ်ပြန်ရောက်လျှင် တံခါးဝမှ ဆီးကြိုသော သူမ၏ မျက်ဝန်းများကို သင်
ရင်ဆိုင်ရသော အခါ ကျောချမ်းအံ့။ သင် မည်သို့ပင် လိမ်ညာစေကာမူ သင့်အား
ကျောင်းသားတစ်ယောက်ကို စာစစ်သလို မျက်လုံးမျိုးနှင့် ကြည့်နေသော သူမ၏
မျက်ဝန်းများကို ဆုံရသော အခါတွင် သင်သည် သူမကို မည်သို့မှ လိမ်လည်၍
မရနိုင်တော့ချေ။

အမှတ်စဉ်၃ ဖြစ်သော
စာရင်းကိုင်အမျိုးသမီးကို ယူလျှင် စာရင်းကိုင်တို့မည်သည် အင်မတန်
စာရင်းဇယားတိကျ၏။ ငွေ တစ်ပြားကိုပင် အကွာမခံ တတ်။
ထိုသို့ဆိုလျှင် သင့်လခ အကုန် သူမထံအပ်ပြီးသော် သူမထံမှ သင် ပြန်လည်ရရှိရန်
လမ်းမမြင်။
သင်၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘီယာဆိုင်၊ ကေတီဗွီတို့သွားလိုလျှင် သင်
အခက်ကြုံရပေတော့မည်။
ထိုအခါတွင် စာရင်းကိုင်အမျိုးသမီးကို ယူထားမိသော ယောက်ျားများသည်
ပေါ့ကက်မန်းနီး ခေါ် အိမ်သူဇနီးမသိအောင် ငွေပိုလေးများ ထားရချေ တော့မည်။

ထိုဝဋ်ဒုက္ခများ ကင်းဝေးစေရန် အလို့ငှာ ဆရာဝန်မ၊ ကျောင်းဆရာမ၊ စာရင်းကိုင် ထို
၃မျိုးအား အလေးအနက် စဉ်းစားပြီးမှ ယူပါလေ

မပာာသင်္ကြန်စာ

  • ၁၃၇၀ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅ - ရက်၊ ခရစ်နှစ်၊ ၂၀၀၉ ခု၊ ဧပြီလ ၁၄ ရက်၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက်၊ စက် ၃ နာရီ ၁၅ မိနစ် ၃၆ စက္ကန့် …..။
  • “ဗမာပြည်” အမည်ရှိသော ဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည် အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက် အင်္ဂါသမီးထံ လွှဲအပ်ရမည့်အစား “ပေးဘူး၊ ပေးဘူး” ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက် ကိုင်ဆောင် ထားဦးမည် ဖြစ်သောကြောင့် မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက် နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင် ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံ
    ဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ် ကင်းဝေးလတ္တံ့၊ ကိုရီးယားကား လူကြိုက်များလတ္တံ့၊ အင်တာနက် ဆက်သွယ် ရေး နှေးအံ့၊ တိုင်းသူပြည်သားများမှာ ဆန်အစား ဆန်ကွဲကို စားရသောကြောင့် အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သောကြောင့် စောစောအိပ်ရာဝင်ရ လတ္တံ့၊
    ခြင်အစရှိသော အတောင်ပါသော သတ္တဝါများ ပေါများသောကြောင့် ခြင်ထောင်မရှိသူများ ဂေါ်ဇီလာဖြင့် အိပ်ရအံ့။
  • သင်္ကြန်အခါရှောင်ကျဉ်ရန်အမှုများ ကား နိုင်ငံရေးတံဆိပ်များပါသည့် တီရှပ်ဝတ်ဆင်ခြင်းဖြစ်ပေသည်။ ဤကား စစ်အစိုးရအလိုတည်း။
    သင်္ကြန်အကျအလိုမူကား ကြောင်းလျားစုံစေ့ သင်္ကြန်နေ့၌ အင်းလျားလမ်းတွင် မဏ္ဍပ်ဝင်က၊ ကညာနှမ မြင်သမျှမှာ လှချင်တိုင်းလှ၊ ဗိုက်ပေါ်ခါးပေါ် ပေါ်ချင်သလို ပေါ်၍ တွေ့မရှောင်ငမ်း .. ကြမ်းရမ်းဂီတ ဖွင့်ကုန်ကြရင်း မျောက်လိုကကာ သောက်ထုတ်သေရက် ဤတချက်ကို လူ့ပြည်လူ့ခွင် လူကိုစင်ထား
    မြင့်မိုရ်ဖျားဝယ် သိကြားသော်မှ ခွက်ပုန်းချရ၏ .. သို့သော်မြန်ပြေ (ပြည်) ဆန်းသည့်မြေ၌ အရက်စတုဒီသာ ပေးနေပါ၍ သိကြားထက် ထူးသည့် ကုသိုလ်တည်း။ စတုဒီသာ ကုန်သွားပါက စပွန်ဆာရှာ၍ သောက်ပါလေ။
  • တနင်္ဂနွေသားသမီး သည် - အနေအထိုင်မတတ်ပါက ရာထူးကျကိန်းရှိပြီး
    ကံဆိုးပါက ရာထူးမှ ဖယ်ရှားခံရကိန်းရှိသည်။ ယတြာအနေဖြင့် သောကြာသား၏ အနားမှ တဖဝါးမှမခွာဘဲ ဝတ်ကြီးဝတ်ငယ် ပြုစုကာ .. ကြာသပတေးနာမ်နှင့်ဆိုင်သော ကိစ္စများ ဆောင်ရွက်ပါလေ (ဥပမာ - ဖားခြင်း၊ ပေါင်းခြင်း၊ ပေါတောတော နေကာ ရူးချင်ယောင်ဆောင်ခြင်း)
  • တနင်္လာ သားသမီး သည် - သောကြာသားသမီးကို ညွှန်ကြားနိုင်သော အရည်အချင်း ရှိပေသည်။ သူများ မသထာ ရေစာများ စားနေသောကြောင့် ထမင်းစားလျှင် မကြာခဏ နင်ကိန်းရှိသည်။ ယတြာမှာ အုန်းသီးတလုံးကို အခွံမနွှာဘဲ အာမထိလျှာမထိမြိုပါ။ အညံ့များ အားလုံး ကင်းစင်မည်။
  • အင်္ဂါ သားသမီး သည် - အရူးတသိုက်၏ ချုပ်နှောင်ထားခြင်း ခံရကိန်းရှိသည်။ ရူးနေသူများ ဖြစ်သောကြောင့် လွှတ်ပေးပြီးလျှင်လည်း ပြန်ဖမ်းကောင်း ဖမ်းနိုင်သည်။ ကြာသပတေးနာမ်ဖြင့် စသော နိုင်ငံရပ်ခြားမှ အကူအညီ ရချင်ရနိုင်သော်လည်း သောကြားသား အဖျက်ရှိသည်။ ယတြာမှာ
    “လုပ်ချင်တာသာ လုပ်ကြတော့ဟေ့” ဟု သုံးကြိမ်အော်၍ ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်စောင့်ပါလေ။
  • ဗုဒ္ဓဟူးသားသမီး သည် - စိတ်မမှန်သော အထက်လူကြီးက မကြာခဏ ဟိန်းဟောက်ကာ မကြာခဏ ဆုလာဘ် ချပေးသောကြောင့် မကြာခဏ ကြောင်တောင်တောင်
    ဖြစ်တတ်သည်။ သားဖြစ်သူ တနင်္ဂနွေ သား၏ စီးပွားရေးလုပ်ငန်းမှာ အထက်လူကြီး၏ မိုးလေဝသ အခြေအနေ ပေါ်တွင်သော် လည်းကောင်း အင်္ဂါနာမ် တခု ပေါ်တွင် လည်းကောင်း မူတည်နေသည်။ ယတြာမှာ ကုန်း၍ “ဆန်ရှင်မြန်မြန် ရုပ်မှပါပဲ” ဟု လိပ်ခေါင်း မထွက်မချင်း အော်ပါ။
  • ကြာသပတေး သားသမီး သည် - အရူးများ၏ နှိပ်စက်ခြင်းမှ မကင်းလွတ်နိုင်သေးပေ။ အညံ့ကာလ ဖြစ်နေသည်။ ယတြာမှာ အနောက်အရပ်ကို မျှော်ရင်း “သောကြာသား နင်သေမှ အေးမဟဲ့” ဟု သုံးကြိမ် အော်ပါ။
  • သောကြာသားသမီး သည် - ဘုရင်ရူးရူးနေသောကြောင့် ပလ္လင်ပေါ်မှ
    ဒလိန့်ကောက်ကွေး ကျကိန်း ရှိသည်။ ပေါင်းလျှင် ၃ ရသောနှစ်၌ ထူးထူးခြားခြား မဟုတ်တရုတ်လုပ်လိမ့်မည်။ လူအများ ပို့သသော မေတ္တာကြောင့် ကျန်းမာရေး အထူးကောင်းနေသေး သော်လည်း မကြာခင် ငေါက်ခနဲ သေကိန်းရှိသည်။ ယတြာမှာ တနင်္လာသမီး၏ ထဘီစကိုဆွဲ၍ ဆူးကြီးကြီး ဒူးရင်းသီတလုံးကို ပုံစံမပျက်
    မြိုပါ။
  • စနေသားသမီး သည် - ပွဲလန့်တုန်းဖျာခင်းတတ်သော အရည်အချင်းကြောင့် ကြီးပွားကိန်းရှိသည်။ ကြာသပတေးနာမ်နှင့်ဆိုင်သော အလုပ်များ (ဥပမာ - ဖားခြင်း) အထူးကျွမ်းကျင်ပြီး အင်္ဂါနာမ် (ဆန်ရှင်) ကြောင့် လတ်တလော ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဗုဒ္ဓဟူးနာမ် အကြိုးပေးမည် (ဥပမာ -
    ပိုင်ဆိုင်သော လေယာဉ်တစီးစီး ရပ်နေရင်း ခါးမှ ထက်ပိုင်းပြတ်ကြိုးသွားခြင်း) ယတြာမှာ “အနောက်က ဆန်ရှင်ရင် အောက်က သစ်ခိုး ထုတ်မယ်” ဟူ၍ သက်တမ်းရင့် ကျွန်းပင်ကြီး တပင်ကိုဖက်ရင်း လည်ချောင်းကွဲသည်ထိ အော်ပါ။
  • သင်္ကြန်အတာ တက်အံ့သောအခါကား .. အမူးလွန်၍ အန်ဖတ်ဆို့သေကြသူများ၊ ရေနစ်၊
    ရန်ဖြစ် ယာဉ်မတော် တဆဖြစ်၍ မာလက ဈာန်ကြွကြသူများ၊ ဆေးရုံရောက်သူများ၊ အကဲ လွန်သောကြောင့် ဗိုက်ထွက် ကြသူများ စာရင်း ထွက်ပေါ်ချိန်တည်း။
    အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း .. နှစ်ကို ၁ နှင့် ၃ ရှိထားပြီးဖြစ်သော ဖဲသမားစောင့်၏၊ လ ကို မီးပျက်သည့်
    ညတိုင်းစောင့်၏၊ ရက်ကို နှလုံးထီသမား စောင့်၏၊ မြေကို မြေပိုင်ရှင်စောင့်၏၊ ရေကို ရေစည်လှည်းတွန်းသူ စောင့်၏၊ မိုးကို တနွေလုံး ရေမချိုးရ သူများစောင့်၏၊ လူတို့၏အဓိပတိကား အရူး၊ ငှက်တို့၏ အဓိပတိကား လင်းတ၊ ငါးတို့၏ အဓိပတိကား ငါးရွှေ၊ အပင်တို့၏ အဓိပတိကား ကြက်ဆူပင်။
    နက္ခတ် ၃ လုံး ငုတ်၏၊ ၄ လုံးပေါ်၏ ၃ နှင့် ၄ ကို တနှစ်လုံးမွေးထိုးက မနှေးအမြန် မွဲကိန်းမြင်၏။ မိုးရွာလျှင် ရေရအံ့၊ ခြင်ပေါအံ့၊ မြောင်းပုပ်နံ့ နံအံ့၊ ဝဲပေါက်အံ့၊ လူတို့ အနာအဖျား များသည့်အခါ အစိုးရမင်းများ၏ စေတနာကြောင့် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုရအံ့၊
    မကုနိုင်သူများ သေအံ့၊ ပြည်ရွာ မီးလောင်လျှင် မီးသတ်တွင်ရေမရှိသောကြောင့် ပြာဖြစ်အံ့၊ မြန်မာ့ လောင်းကစား ကမ္ဘာကိုလွှမ်းအံ့၊ ဂျီအက်စ်အမ်ဖုန်းများ ဆက်သွယ်ရေးခက်ခဲအံ့၊ ထိုနှစ်ဖွားသော သားကား ကံဆိုးသောကြောင့် မြန်မာပြည်တွင်လူဖြစ်အံ့။